ကျမက ကျမကိုယ် ကျမသိပ်ချစ်တတ်တာ၊ ထိခိုက်မှု တစ်ခုခုများဖြစ်ပီဆိုယင်များတော့ တရွာလုံးပြိုအောင် အော်တတ်တာ၊ ပြီးယင် တော်တော်နဲ့ မျက်ရည်က တိတ်တတ်တာ မဟုတ်ဘူး၊ ဒါပေမယ့် လူအချင်းချင်း ကိုယ့်သွေးနဲ့ အသက်ဆက်ရမယ့် လူတယောက်ပေါ်လာချိန်မှာ ကျမကိုယ် ကျမ ချစ်တတ်မှုကို ခဏမေ့ထားခဲ့မိတယ်၊ အဲ့ဒါကတော့......
ကျမသွေးက “အို”သွေး အမျိုးအစား၊ ပထမဦးဆုံး ကျမလှူရတဲ့သွေးကတော့ သတ်လတ်ပိုင်း အမတယောက်အတွက်ပါ၊ သူကကလေးပျက်ကျပြီး သွေးလိုချိန်မှာ အရေးပေါ်ချက်ချင်းထုတ်မှဖြစ်မယ်ဆိုလို့ ကျမလှူဖို့ဆုံးဖြတ်ခဲ့တယ်၊ ပထမဦးဆုံး အတွေ့အကြုံဆိုတော့ ဘာလုပ်ရမှန်းလည်းမသိဘူး၊ အပ်ကြီးကြီးတချောင်းက ကျမလက်ကနေ ပုလင်းလွတ်တလုံး အပြည့်ဆီ ထုတ်ယူသွားချိန်မှာတော့ ငါဒီလောက်တောင် ဟုတ်နေပါလားလို့ စိတ်ကြီးက ၀င်မိလိုက်သေး တယ်၊ ပျော်လည်း ပျော်တယ်၊ သွေးပြန်ပြည့်အောင်ဆိုပီး ကျမကို အလှူခံသူတွေက ကြက်ဥတွေ မုန့်တွေ အများကြီးနဲ့ ဆေးတွေပေးလိုက်တော့ ပိုတောင်ပျော်မိသေးတယ်၊ ဘာမှလည်းတွေးမိတာမဟုတ်ဘူး၊ အိမ်ကမသိအောင် ခိုးလှူတာလေ၊ အိမ်ကသိယင် စိုးရိမ်နေမှာဆိုးလို့ လက်မှာကပ်ထားတဲ့ ဂွမ်းစကိုတောင်မှ အိမ်မရောက်ခင် ပစ်ထုတ်လိုက်ပီးသား၊ လက်က တော်တော်မြန်တယ်၊ ကိုယ်လှူလိုက်လို့ သွေးအမှန်တကယ်လိုအပ်နေတဲ့ လူတယောက် ကိုယ့်ကြောင့် ကျန်းမာနေတယ်လို့ ကြားရယုံနဲ့တင် ကြည်နူးမိတဲ့ ခံစားချက်ကို ကျမနှစ်ခြိုက်လာပြီး 6လပြည့်တိုင်း သွေးလှူဖို့ အခွင့်ကြုံယင် လှူမယ်လို့လည်း ဆုံးဖြတ်လိုက်တယ်၊
သွေးလှူချိန်တိုင်း သွေးပုလင်းထဲကို သွေးတွေစီးဝင်ချိန် ကျမစိတ်ထဲကနေ ဆုတောင်းတခုပြုလေ့ရှိတယ်၊ ပြည့်လည်းပြည့်ခဲ့ပါတယ်၊ အဲ့အချိန်က လောဘ၊ မောဟ၊ ဒေါသတွေနဲ့ ကင်းစင်နေတဲ့အချိန်လို့ ကိုယ့်အတွေးနဲ့ ကိုယ်မှတ်ထားတော့လည်း ဟုတ်နေတာပါဘဲ။ (၂)လုံးလောက် လှူတုန်းကတော့ ဘာမှရေရေရာရာမရှိဘူး၊ အပျော်သဘောနဲ့ လှူချင်သလို လှူလိုက်တော့ တာဘဲ၊
နောက်ပိုင်းကျတော့ ကိုယ့်ကျန်းမာရေး ဂရုစိုက်လာ မိတယ်၊ သွေး အားကောင်းအောင်လည်းနေတယ် ရောဂါကင်းရှင်း အောင်လည်းနေတတ်လာတယ်။ သွေးလှူမယ်ဆိုယင် ဌက်ဖျားတုပ်ကွေးရှိ/မရှိ၊ HIV/AIDSရှိ/မရှိ၊ ဘီပိုးရှိ/မရှိ၊ မိန်းကလေးဆိုယင် ဓမ္မတာပေါ်နေချိန်ဆိုယင်တော့ လှူလို့မရပြန်ဘူး၊ အဲ့အချက်တွေနဲ့ ပြည့်စုံမှာ ကျန်းမာတဲ့ သွေး(၁)လုံးကို ရရှိမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ကိုယ့်ကတော့ စေတနာပါပါတယ်၊ ကိုယ့်သွေးက မသန့်ရှင်းဘူးဆိုယင်လည်း ကိုယ်ကြောင့် တဖက်က သွေးအလှူခံတဲ့လူနာတွေ တခုခုဖြစ်သွားမှာလည်းစိုးရိမ်မိပါတယ်။
ကျမလှူခဲ့တဲ့ သွေးတွေကို တကယ်လိုအပ်တဲ့လူတွေဆီမှာဘဲ လှူခဲ့မိတယ်၊ အများဆုံးက ကလေးငယ်တွေပဲဖြစ်တယ်။ ကျေးလက်ဖက်က ကလေးငယ်တွေအများဆုံးတွေ့ခဲ့ရတယ်၊အရွယ်နဲ့ မလိုက်အောင် ခံစားနေရတဲ့ ကလေးငယ်မျက်နှာကိုကြည့်ပြီး၊ သွေးပိုက်တန်းလန်းနဲ့ တကယ်လိုအပ်နေတဲ့ ကလေးတွေကို လှူလိုက်ရတာက ကျမအတွက် သူတို့အသက်ဆက်ရှင်ရေးကလွဲပြီး ဘာမှမတွေးမိခဲ့ပါဘူး။ သွေးလှူပီးတိုင်း သူတို့ပေးတဲ့ဆုတောင်းသံတွေနဲ့ ပီတိဖြာခဲ့ရပါတယ်၊ ဒါပေမယ့် (၁၀)ကြိမ်ပြည့်မြောက်ပြီးတဲ့အချိန်မှာတော့ ကျမမလှူဖြစ်တော့ပါဘူး၊ ဘာလို့လည်းဆိုတော့ နောက်ဆုံးအကြိမ်မှာ လှူအပြီး အိမ်အပြန်မှာ အမေမိသွားလို့ဖြစ်ပါတယ်.....................................
ဘာဖြစ်ဖြစ် ကောင်မလေးကတော့ သွေးပုလင်း(၁၀)ပုလင်းနဲ့ လူသား(၁၀)ယောက်ကို ဝေမျှခဲ့ပြီးပါပြီ
သင်ကော သွေးလှူခဲ့ပြီးပြီးလား??????????????
No comments:
Post a Comment