Thursday, November 17, 2011

သူသိပါ့မလား

  • တခါတလေ ငါစဉ်းစားမိတဲ့ စကားလုံးတိုင်းက နင့်လောက်ထိ နက်ရှိုင်းစွာ မတွေးခေါ်မိတာ ငါရဲ့ တုံးအ ညံ့ဖျင်းမှုတွေပါ၊ ဒါပေမယ့် နင့်အတွက်ဆိုတဲ့ စိတ်နဲ့စေတနာအမှားဆိုတာ နင်နားလည်ပေးပါ
  • မရည်ရွယ်ဘဲ ပြောလိုက်မိတဲ့ စကားစုတချို့ကလည်း မတော်တဆ ထိခိုက်သွားမယ်ဆိုယင် တောင်းပန်ပါတယ်လို့ ငါမပြော ပါဘူး၊ အဲ့ဒီစကားလုံးကို နင်မနှစ်သက်မှန်း ငါသိထားလို့ပါ၊  အဲ့လိုဖြစ်ပျက်ချိန်မှာ နင့်ရင်ခွင်ထဲ မှာ မှေးစက်ချင်မိပါတယ်
  • ကလေးတယောက်လို ငါ့ကို ဂရုစိုက်နေတာတွေက တာဝန်တရပ်ထမ်းဆောင်နေတာ မဟုတ်မှန်း ငါသိပေမယ့် စကားနာတွေထိုးပြီး နင်ဝမ်းနည်းအောင် လုပ်တာလည်း မဟုတ်ပါဘူး၊ နင့်ဆီက အချစ်တွေကို လောဘကြီးစွာ ထပ်လိုချင်နေတဲ့ ငါ့အတ္တကို မထိန်းချုပ်တတ်လို့
  • တခါတလေ ငါစိုးရိမ်လို့ ပြောလိုက်မိတဲ့ စကားတွေက နင့်မာနကို ထိခိုက်သွားတယ်လို့ နင်အသံတွေက အရိပ် အယောင်ပြနေချိန်ဆို  အသံမထွက်ဘဲ မျက်ရည်ကျမိတဲ့ ငါ့အဖြစ်က နင်ပျော်ရွှင်လာမယ့် စကားစုတွေကို အသည်းအသန် ရှာဖွေနေမိတာက နင့်ကို မနာကျင်စေချင်လို့ပါ
  • အရာရာကို လေးလေးနက်နက်တွေးတတ်အောင် ဆူပူနေတဲ့ နင့်ကို နားလည်ပါတယ်၊ အလုပ်မှာ လူကြီးဆန်တတ်တဲ့ ငါက နင့်ရှေ့ရောက်ယင် နွဲ့ဆိုးဆိုးချင်မိတာ ငါ့အချစ်ရဆုံးနင်ဖြစ်နေလို့ပါ၊ သေချာတာက နင့်ဦးဆောင်မှုအောက်မှာ ငြိမ်သက်စွာ နေတတ်ချင်လို့
  • နင်က ဘောလုံးပွဲကြိုက်တတ်မှန်းငါသိတာပေါ့၊ နင်နဲ့ အတူ ဘောလုံးပွဲကြည့်ဖို့ ခေါ်တတ်သလို ငါမသိတဲ့ ကစားသမား နာမည်တွေကို ရွတ်ပြတော့လည်း နားလည်ချင်ယောင်ဆောင်ပေးလိုက်မိတာ ဒီအချိန်မှာ သူငယ်ချင်း တယောက် အဖြစ် နေပေးသင့်တယ်ထင်လို့ပါ
  • ငါ့ကိုယ်ငါ ဂရုစိုက်ပါတယ်၊ ဘယ်ဖျားချင်ပါ့မလည်း၊ ငါဖျားတာထက် နင့်စိုးရိမ်မှုတွေကို ငါပိုပြီး ကြောက်ပါတယ်၊ ဖျားလို့ ငါအိပ်ရေးပျက်ရတာထက် ငါမသိအောင် ၀မ်းနည်းနေရတဲ့ နင့်ကို ပိုပြီးသနားလို့ နေကောင်းအောင်နေချင်ပါတယ် 
  • လောကကြီးက ငါ့အတွက် အကောင်းဆုံးလက်ဆောင်ကို ပေးခဲ့ပါတယ်၊ အဲ့ဒါက ငါ့အပေါ်မှာသိပ်ချစ်ပီး နားလည်မှုရှိတဲ့ နင့်ကို ခင်ပွန်းတယောက်အဖြစ် ပေးအပ်ခဲ့တာငါ့အတွက် တစ်သက်စာ အဖိုးမဖြတ်နိုင်တဲ့  ဆုလာဘ်တခုပါ
  • အထီးကျန်တဲ့ နင့်ဘ၀ထဲကို ငါရောက်လာတော့ နင်ပျော်သလို ငါချစ်ရတဲ့ နင့်ကို တသက်လုံးပိုင်ဆိုင်ခွင့်ရတဲ့ အဲ့ဒီနေ့လေးကို ငါတို့ဘယ်တော့မှ မမေ့ရဘူးနော်၊ ဘာလို့လည်းဆိုတော့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတဲ့ မျက်ရည်အဆုံးသတ် နေ့လေးမို့ပါ။
  • ငါတို့(၂)ဦးဘ၀အစက ဘယ်သူ့အကူအညီမှ မပါဘဲ လျှောက်လှမ်းရမှာ ငါမကြောက်ပါဘူး၊ ဘာလို့လည်းဆိုတော့ ငါ့ကို တွဲထားတဲ့ လက်တစုံက ငါကိုယ်တိုင်မျှော်လင့်ထားတဲ့ နင်ဖြစ်နေလို့လေ
  • ငါဖြစ်ချင်တဲ့ဆန္ဒတွေက နင်ဖြစ်ချင်တဲ့ဆန္ဒတွေအောက်မှာ ပျောက်ကွယ်သွားလည်း ငါမနှောမြောပါဘူး၊ ဘာလို့လည်း ဆိုတော့ နင်ငါ့အပေါ်မှာ အရမ်းချစ်တယ်ဆိုတာသိသလို ငါလည်းန င့်ကိုအရမ်းချစ်လို့လေ
  • နောင်တဆိုတာ နောင်မှ တရတဲ့အရာလို့ လူတွေသတ်မှတ်ကြတယ်၊ ငါလည်းအဲ့လိုခံယူထားပါတယ်၊ ဒါပေမယ့် နင်နဲ့ ပတ်သက်ခဲ့တဲ့ အရာတိုင်းက ငါ့အတွက် နောင်တရရစရာမရှိအောင် ကြည်ဖြူစွာ နောင်တမဲ့ပေးဆပ်မှုဆိုတာ နင်သိပါစေ
  • အရာအားလုံးအတွက် ထိုက်တန်တဲ့ပေးဆပ်မှုဆိုတာ ရှိစမြဲပါ နင်ပေးဆပ်မှုများသလောက် ငါ့ပေးဆပ်မှုကလည်း မလျော့ခဲ့တာ ငါတို့တွေ အသိဆုံးပါ၊ သေချာတာကတော့ ငါနင့်ကို ဘယ်တော့မှ မပြောင်းလဲဘဲ နင့်ဘေးမှာ တသက်လုံးရှိသွားချင်ပြီး နင့်ကို တစ်ရက်ထက် တစ်ရက် ပိုချစ်သွားပါရစေနော်
  • ခဏတာဝေးနေချိန်တွေမှာ ရုံးပိတ်ရက်တိုင်း ဘယ်မှမသွားဘဲ နင့်ဖုန်းသံကိုမျှော်နေတတ်တာ အကျင့်တခုလိုဖြစ်နေ တာထက် နင့်ဆီက ကြင်နာတဲ့စကားသံ၊ ချစ်တယ်ဆိုတဲ့ စကားစု၊ နင်ခေါ်နေကျ နာမ်စားတွေကို လိုချင်နေမိတာ တချိန်မှာ နင်သိသွားပြီဆိုယင် ငါလွမ်းရကျိုးနပ်ပါပီကွယ်

No comments:

Post a Comment