အမေပြောနေကျ စကားတွေက ကျမအတွက် စည်းဘောင်တခုလို အသက်ရှုကျပ်စေပါတယ်၊ ဟိုနေရာ မသွားရ၊ ဒီနေရာက မသင့်တော်ပြန်ဘူးတဲ့
မိန်းကလေးဆိုတာ ထမိန်ကို ခြေမျက်စိလုံအောင်ဝတ်၊ ကျမ၀တ်ချင်တာက ကိုရီးယားကားထဲက မင်းသမီးတွေလို စကဒ်တိုလေး
မိန်းမတို့ဘုန်း ဆံထုံးဆိုပြီး ခေါင်းကို အုန်းဆီရွဲအောင်လိမ်းပေးတဲ့ညတွေဆို အိပ်ယာတော်တော်နဲ့ မ၀င်ဖြစ်ဘူး၊ မော်ဒန်ပေါက်စလေးတွေရဲ့ အရောင်စုံဆံပင်လေးတွေလို ပြင်ဆင်ချယ်သလိုက်ချင်တာ
ထမင်းစားယင် အသံမမြည်အောင်၊ ဟင်းချိုသောက်ရင်လည်း အသံမထွက်အောင် တတွတ်တွတ် လိုက်ပြောနေတဲ့ အမေ့ကို တရားခွင်က တရားသူကြီးလို မြင်ပြီး တခါတလေဆို မုန်းချင်တယ်
နွေရာသီ ကျောင်းတွေပိတ်တော့လည်း ကွန်ပျုတာသင်တန်းတွေ တက်ခိုင်းနေတဲ့ အမေ့ကို အမေမွေးထားတဲ့ သမီးမှ ဟုတ်ရဲ့လား ဒီလောက်လေးတောင် ပေးမနားတော့ဘူးလားလို့ ဒေါသစိတ်က ဖြစ်မိသေး
ဘယ်လောက်ကြီးကျယ်မြင့်မြတ်တဲ့ မိန်းမဖြစ်ပါစေ မီးဖိုချောင်ကိစ္စတွေကို နိုင်အောင် ထိန်းသိမ်းတတ် ရမယ်လို့ အမိန့်ချမှတ်ပြီး ထမင်းချက်ခိုင်းတဲ့အချိန်တွေဆို ကျမစိတ်တွေက ရုပ်ရှင်ပိတ် ကားပေါ် ရောက်နေပြန်တယ်
ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ လုပ်ခွင့်မရလို့ အလိုမကျမှုတွေကို မြိုသိပ် မျက်နှာထားတောင် စူပုတ်လာတတ်တဲ့ ကျမကို အမေအချစ်ဆုံးသမီးလေးလို့ သမုတ်တိုင်း ဟန်ဆောင်တာလို့ ကလန်ကဆန်လုပ်မိပြန်တယ်
မိဘဆိုတဲ့တာဝန်
အပြောကျယ်တဲ့ လောကကြီးအလယ်မှာ ကျမ သမီးလေး မာယာနွံထဲ နစ်မွန်းမှာဆိုးလို့ နေရာတကာ လိုက်ပြောနေရတဲ့ အမေ့ မေတ္တာ နောင်တချိန်သိလာလိမ့်မယ်
မြန်မာမိန်းကလေးဆိုတာ မြန်မာပီသနေဖို့လိုသလို၊ နေထိုင်ပြောဆိုတာက အစ ခေတ်ဆန် သွားမှာဆိုးလို့ နေရာတကာ လိုက်ပြောနေရတဲ့ အချိန် လိုက်နာပေးပါ သမီးလေး
ဆံပင်ရှည်ကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ မြန်မာတွေစိတ်ဓာတ်ကို သမီးလေးစိတ်ထဲမှာ အစဉ်ကိန်းအောင်နေဖို့ တချိန်မှာ ဒီဆံပင်တွေကို မြတ်နိုးလာမယ်ဆိုတာ အမေယုံကြည်နေပါတယ်
တချိန်မှာ သမီးလေး အိမ်ထောင်ပြုပြီးလို့ အိမ်ရှင်မတာဝန်ကို ထမ်းဆောင်ရချိန်မှာ မီးဖိုးချောင် တာဝန်တွေကိုနိုင်နင်းစေဖို့သင်ပေးချိန်မှာ စူထော်နေတဲ့ သမီးနှုတ်ခမ်းလေးတွေ ပြန်ရုတ်သိမ်းစေချင်ပါတယ်
ခေတ်မီတယ်ဆိုတာ အ၀တ်အစား ပေါ်လီပေါ်လပ်တွေ ၀တ်နေတာကို ပြောတာ မဟုတ်ဘူး ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ခေတ်နောက်မကျန်စေဖို့အတွက် သင်တန်းတွေ တက်ခိုင်းနေတာ သမီးလေးနောင်တချိန် လုပ်ငန်းခွင် ၀င်ချိန်မှာ ရာထူးကောင်းကောင်းဝင်နိုင်တာကို အမေဂုဏ်ယူချင်စမ်း လို့ပါ
အိုးကောင်းလိုချင်ရင် နာနာရိုက်ရတယ်တဲ့ အမေ အမုန်းခံပြီး လိုက်သင်ပေးနေတာတွေကို နောင်တချိန် မိခင်နေရာ ပြန်ရောက် လာမယ့် ငါ့သမီးလေး သိသွားမှာပါ၊ နောင်တဆိုတာ နောင်မှ ရတယ်လို့ ပြောတတ်ကျတဲ့ ရှေးလူကြီးတွေစကားအတိုင်း မဖြစ်စေဖို့ သွန်သင်ပေးလိုက်ပါတယ်
No comments:
Post a Comment