တရုတ်နိုင်ငံမှ ဗုဒ္ဓ မြတ်စွယ်တော် အစစ် မြန်မာနိုင်ငံသို့ စတုတ္ထ အကြိမ်မြောက် ကြွချီ အပူဇော်ခံခြင်း
စွယ်တော်အကြောင်းသိကောင်းစရာ(ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
ရှင်မဟာ ကဿပ အမှူးရှိသော ရဟန်းသံဃာ ငါးရာမျှတို့သည် ပါဝါပြည်မှ ကုသိနာရုံသို့ ကြွလာစဉ်ဝယ် မြတ်စွာဘုရား၏ သတင်းကို တိကျသေချာ သိသေးဟန် မတူပေ။ ခေတ္တခဏ အပန်းဖြေလျက် သစ်ပင်ခြေ၌ ထိုင်နေတော်မူခိုက် တက္ကတွန်း(အာဇီဝက)ကို အဝေးမှာ လာနေကြောင်း တွေ့မြင်ကြလေရာ “ငါတို့ဆရာ မြတ်စွာဘုရားကို သိပါ၏လော” ဟု မေးတော်မူ၏။ ထိုသို့ မေးလေမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမြန်းသည်မှာ ခုနှစ်ရက်ရှိပြီ ဖြစ်ကြောင်း သိကြရတော့သည်။ ထိုအခါ အရှင်မဟာကဿပ၏ နောက်ပါးမှ ရဟန်းငါးရာတို့အနက် ရာဂမကင်းရသေးသော အချို့ရဟန်းတို့သည် “ဘုန်းတော် ကြီးလှစွာသော မြတ်စွာဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ပညာမျက်စိ ရှိတော်မူ တတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ” ဟု ငိုကြွေးမည်တမ်းကြကုန်၏။ အရုပ်ကြိုး ပြတ်မြေမှာ လူးခတ်ကြကုန်၏။ သင်္ခါရ တရားအတွင်း မြဲခြင်းသဘောမရှိ နိုင်ရကာ ရာဂကင်းပြီး ရန်းတို့မှာမူ အောက်မေ့ချင့်တုံ သည်းခံကုန်ကြလေသည်။ ထိုရဟန်း ငါးရာတွင်ပါဝင်သာ အသိခေါက်ခေါက် အ၀င်နက်လှသည့် တောထွက်ရဟန်း သုဘဒ္ဒမှာ အချုပ်အချယ်မှ လွတ်မြောက်ဘိအလား လိုရာကို ပြုကြပြီး မလိုရာကို မပြုဘဲနေကြ ရုံသာရှိပြီိဟု မပူဆွေးမငိုကြွေးရန် အကြောင်းကို ဆိုလေ၏။ ရှင်မဟာကဿပကမူ မြတ်နိုးချစ်ခင် ဆက်ဆံချင်သော်လည်း ရှင်လျက်နှင့်လည်း ခွဲခွာရတတ်၏။ အရာရာသည် မတည်မြဲကြ၊ ပျက်စီးခြင်း သဘောရှိကြောင်း ကျေးဇူးတော် အရှင်မြတ်စွာဘုရား ဟောကြားဆိုဆုံးမ ခဲ့ပြီးကြောင်း ဖျောင်းဖျလေ၏။
ထိုစဉ်ဝယ် ကုသိနာရုံပြည်သား မလ္လမင်းအကြီးအကဲလေးဦးတို့က မြတ်စွာဘုရား၏ (အလောင်းတော် တည်ရာ) နံ့သာထင်းပုံအား မိးရို့ကုန်သော်လည်း နတ်တို့က မလိုလား၍ လောင်ကျွမ်းခြင်းမရှိ။ နတ်တို့သည် ရှင်မဟာကဿပ ကိုယ်တော်ကြီးကိုယ်တိုင် မြတ်စွာဘုရား၏ ခြေတော်စုံကို ဦးခိုက် မရှိခိုးရသေးမီ နံ့သာထင်းပုံ မီးမလောင်ကျွမ်းစေလိုကြ။ ရှင်မဟာကဿပနှင့် ရဟန်းငါးရာတို့ ခြေစုံဦးခိုက် ရှိခိုးလိုက်ပြီးသည်နှင့် (လူတို့မမြင်ရဘဲ) နတ်တို့ အာနုဘော်ကြောင့် မီးတောက်လောင် သွားတော့၏။ မီးတောက်လောင်သော မြတ်စွာဘုရား၏ အလောင်းတော်မှ အရေပါး အရေထူ အသား အကြော အစေးတို့၏ ပြာသည်လည်းကောင်း၊ မိုင်းသည်လည်ကောင်း မထင်၊ သရီရ ဓာတ်တော်တို့သည်သာ ကြွင်းကျန် ကုန်၏။ ဆင်မြန်းထားရှိသော(သင်္ကန်း) ပုဆိုး အစုံငါးရာအနက် အတွင်းအကျဆုံး(သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး (သင်္ကန်း) ပုဆိုးနှင့် အပြင်အကျဆုံး(သင်္ကန်း) ပုဆိုး တို့သာ မီးမလောင်ကုန်၊ ကောင်းကင်မှလည်းကောင်း၊ အင်ကြင်းပင်မှ လည်းကောင်း၊ ရေများပန်းထွက်ကာ မီးကိုငြိမ်းစေ၏။ ထိုအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို မင်းကွန်း၌ ထားလျက် လှံချိုင်ဖြင့်ကာရံ၍ လေးသည်တော်တပ်ဖြင့် ခြံရံစေပြီး ခုနှစ်ရက်ပတ်လုံး ကဆို တီးမူတ်ကာ ပန်းနံ့သာတို့ဖြင့် ရိုသေလေးမြတ် ပူဇော်လတ်ကြကုန်၏။
အဆိုပါ ကြွင်းကျန်ရစ်သော(ဗုဒ္ဓအမွေ) သရီရဓာတ်တော်များကို စေတီပုထိုးတည်ထားပူဇော်ရန် ဗုဒ္ဓရှင်မြတ်နှင့် ဆွေမျိုး တော်စပ်ခြင်း၊ မင်းမျိုးဖြစ်ခြင်း၊ ပုဏ္ဏားမျိုးဖြစ်ခြင်း စသည်ဖြင့် အကြောင်းပြလျက် ရယူထိုက်ကြောင်း အောက်ပါပုဂ္ဂိုလ်တို့ က တောင်းဆိုလာကြ၏ -
(က) ဝေဒေဟီ မိဖုရား၏သား မဂဓ တိုင်းရှင် အဇာတသတ်မင်း၊
(ခ) ဝေသာလီပြည်သား လိစ္ဆ၀ီ မင်းများ၊
(ဂ) ကပိလ၀တ်ပြည်၌ နေကြသော သာကီဝင်မင်းများ၊
(ဃ) အလ္လကပ္ပပြည်သား ဗုလီမင်းများ၊
(င) ရာမရွာသား ကောဠိယ မင်းများ၊
(စ) ဝေဌဒီပတိုင်းသားပုဏ္ဏား၊
(ဆ) ပါဝါပြည်သား မလ္လမင်းများ၊
(ဇ) ပရိနိဗ္ဗာန် စံမြန်းရာ ကုသိနာရုံ ပြည်သားမလ္လမင်းများ။